ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်
ထိုင်းနှင့်မြန်မာအာဏာပိုင်များ လှုံ့ဆော်
ရဲရင့် / ၂၅ နိုဝင်ဘာ ၂၀၀၉
line
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ကြရန် နှစ်ဖက်အာဏာပိုင်များက လက်ကမ်းစာစောင်များနှင့် စီဒီမှတ်တမ်းများ ဖြန့်ဝေကာ ဆော်သြလျက်ရှိသည်။
၎င်းစီဒီမှတ်တမ်းတွင် မြန်မာနိုင်ငံဘက်သို့ လက်မှတ်သွားရောက်လုပ်သူများနှင့် ဆွေမျိုးသားချင်းများကို ဖမ်းဆီးငွေညှစ် အကျပ်ကိုင်ခြင်းများ လုံးဝမရှိဟု မြန်မာဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သတင်းဌာနများကို ပြောကြားထားသည့် မှတ်တမ်းများကို ထည့်သွင်းထားသည်။
ဦးမောင်မြင့်က “ထိုင်းနိုင်ငံမှာရောက်နေတဲ့ တရားမ၀င်မြန်မာအလုပ်သမား တွေကို သူတို့ရဲ့အကျိုး ကာကွယ်စောင့်ရှောက်နိုင်ဖို့ လုပ်ပေးတာဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့အကျိုးယုတ်မဲ့အလုပ်တွေကို ကျနော်တို့လုပ်မှာ မဟုတ်ဘူး။ သူတို့ရဲ့မိဘဆွေမျိုးတွေကိုလည်း ဖမ်းဆီးစရာအကြောင်း လည်းမရှိဘူး။ သူတို့အတွက် အခွန်မကောက်ဘူးဆိုတာကိုလည်း ကျနော်ရောက်တဲ့ နေရာတိုင်းမှာ အာမခံပြီးသားဖြစ်တယ်” ဟု ပြောသည်။
အဆိုပါစွပ်စွဲပြောဆိုမှုများသည် ကောလာဟလသတင်းများသာဖြစ်ပြီး လုပ်ငန်းစဉ်အောင်မြင်မှု မရရှိရန် ကိုယ်ကျိုးစီးပွားသမားများက ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း၊ အမှန်တကယ်ဖြစ်ပွားမှုများရှိပါက မြန်မာသံရုံး၊ နိုင်ငံခြားရေးဌာနနှင့် သက်ဆိုင်ရာဌာနများတွင် အတိအကျ တိုင်ကြားနိုင်သည်ဟု ၀န်ကြီးကပြောသည်။
လက်ကမ်းစာစောင်များတွင်လည်း ယာယီနိုင်ငံကူးလက်မှတ်ဗီဇာလျှောက်ထားမှုကို လာမည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်ကို နောက်ဆုံးနေ့အဖြစ် ဖော်ပြထားပြီး မဲဆောက်မြို့လယ်တွင် ဖွင့်လှစ်ထားသည့် အကျိုးဆောင်လုပ်ငန်းရုံးများတွင် လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။
မဲဆောက်ဈေးအနောက်ဘက်ရှိ အမှတ် ၄၉/၅၅ TERMSAPPHASAN လမ်းတွင် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ မြန်မာအလုပ်သမားများအတွက် ၀န်ဆောင်မှုပေးလျက်ရှိပြီး လက်မှတ်ရရှိရန် စရိတ်ငြိမ်းဘတ်ငွေ (၅,၃၀၀) ကုန်ကျမည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများ၏ သဘောတူညီချက်အရ တရားဝင်ကုန်ကျမည့်ငွေမှာ မြန်မာဘက်တွင် ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်တွင် ဘတ်ငွေ (၅၀၀) ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ တာဝန်ခံ ဦးမိုးဆွေက “ဒီလက်မှတ်ရဖို့ ဘတ် (၅,၃၀၀) ကုန်မယ်၊ ထိုင်းမှာ အလုပ်သမားလက်မှတ် လုပ်ထားတာက ဘတ် (၃,၈၀၀) ကုန်ထားတော့ အလုပ်သမားတယောက်ဟာ (၁) သောင်း နီးနီးကုန်မယ့်သဘောရှိတယ်။ ဒီငွေကို မဲဆောက်က အလုပ်သမားတွေ ဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး။ ဒီမှာရတာက တလကို အများဆုံး ဘတ် (၂) ထောင်အောက်ပဲရှိတယ်။ အလုပ်ရှင်ဘက်ကလုပ်ပေးရင်တော့ ဖြစ်နိုင်ခြေ ရှိတယ်” ဟု ပြောသည်။
မယ်ပအထည်ချုပ်စက်ရုံမှ ကိုအောင်က “ဒီလောက်များတဲ့ငွေကို ဘယ်အလုပ်သမားမှ တတ်နိုင်မှမဟုတ်ဘူး။ သူဌေးက စိုက်ပေးရင်တောင်မှ လုပ်အားခထဲကနေပဲ ဖြတ်မှာ။ ကျနော်တို့စက်ရုံမှာဆို ဘယ်သူမှစိတ်မ၀င်စားဘူး။ အခုတောင် အလုပ်မရှိလို့ မဲဆောက်မှာ စက်ရုံတွေ အများကြီးပိတ်ထားရတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းခန့်ရှိပြီး လွန်ခဲ့သည့်ဇူလိုင်လမှစ၍ မြန်မာနိုင်ငံမှ ထုတ်ပေးသည့် (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူမှာ (၃) ထောင်ခန့်သာ ရှိသည်ဟု သိရသည်။
၂၀၁၀ ဖေဖော်ဝါရီလ (၂၈) ရက်ကျော်လျှင် ဒေသတွင်းရှိ မြန်မာအလုပ်သမားများအား တရားမ၀င်နေထိုင်သူများအဖြစ် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမည်ဖြစ်သည်။
ထိုင်းနိုင်ငံ မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများကို ခေါယူဖမ်းဆီး နေကြောင်း နစ်ထပ်အချုပ်တွင် မြန်မာပြည်သူများကို မတရားငွေညှစ် ကြောင်း မြန်မာပြည်သူများမတ၇ားခံနေရကြောင်း အထက်လူကြီးများသိလိုပါတယ် ထိုင်းနိုင်ငံအတွင်းနစ်နစ်သက်တမ်း၇ှိ ယာယီနိုင်ငံကူးလက်မှတ်ပါသော်လဲ မတ၇ားငွေညှစ်နေပါတယ် ပိုက်ဆံ မ၇ပါက အချုပ်ထဲတွင်ထည့်ထားပါတယ် ပွဲစားများကလာေ၇ွးကာ မြန်မာပြည်သူများေ၇ာင်းစားခံနေ၇ပါတယ် မဲဆောက်အတွင်း မတရားခံနေ၇သူ ပြည်သူများအား လာေ၇ာက်ကူညီပေးပါ၇န် တောင်းဆိုပါသည်........
ReplyDelete