Saturday, 31 October 2009

နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ လက်မခံ

ရဲရင့် / ၃၀ အောက်တိုဘာ ၂၀၀၉
line


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်သဖြင့် မိမိကို ပစ်သတ်လိုက ပစ်သတ်နိုင်သည်ဟု ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တဦးက နအဖဗိုလ်ချုပ်ကြီးများကို ပြောကြားခဲ့သည်။

နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦးဆောင်သည့်အဖွဲ့နှင့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ ယခုလ (၁) ရက်၊ ဘားအံမြို့၌ ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စောဌေးမောင်က “ကျနော်တို့အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို လက်မခံနိုင်ဘူး။ ဗိုလ်ချုပ်တို့အနေနဲ့ ကျနော့်ကို ပစ်သတ်ချင် ပစ်သတ်နိုင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

နအဖ၏အစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို ၎င်းတို့ရည်ရွယ်ချက်နှင့် သွေဖည်သည်ဟုဆိုကာ လက်မခံနိုင်ကြောင်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကြေညာချက်တစောင်ကို ယခုလ (၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်၏ သြဇာခံအဖြစ်မထားလိုခြင်းမှာ ယင်းအစီအစဉ်ကို လက်ခံလိုက်ပါက ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားချင်း သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသင့်ကြောင်း ပါရှိပြီး ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကရင့်အာဇာနည် စောဘဦးကြီး မူ (၄) ချက်ကို စွဲကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စောဘဦးကြီး၏မူ (၄) ချက်မှာ လက်နက်ချစကားအလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် စသည်တို့ဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအပါအ၀င် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေးပြုလုပ်ထားသည့် ကရင်အဖွဲ့ (၇) ဖွဲ့ရှိသည်။

အဆိုပါအဖွဲ့များတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် ကိစ္စကို ဒီကေဘီအေအဖွဲ့က ပထမဆုံးလက်ခံခဲ့ပြီး ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ပထမဆုံးငြင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးကောင်စီနှင့်နီးစပ်သည့် ကော့ကရိတ်မြို့ခံတဦးက “အခြေအနေတွေကတော့ ရှုပ်ထွေးလာနိုင်တယ်။ အခုတောင် ဗိုလ်ဌေးမောင်တို့အဖွဲ့ကို နည်းမျိုးစုံနဲ့ ဖိအားပေးလာတာတွေ ရှိနေပြီ” ဟု ပြောသည်။
စောဌေးမောင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၇ ခု ဖေဖော်ဝါရီလ၌ ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

Thursday, 29 October 2009

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီစာချုပ်များ လက်တွေ့အခြေအနေနှင့် များစွာကွဲလွဲ

အောင်ထက် / ၂၈ အောက်တိုဘာ ၂၀၀၉
line


မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားအများစုမှာ ၎င်းတို့ရသင့်သည် အခွင့်အရေးများ နစ်နာဆုံးရှုံးနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများ၏ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် မလေးရှားနိုင်ငံအလုပ်ရှင်များ၏ မူလအလုပ်ကမ်းလှမ်းစာပါ လစာအတိုင်း မရရှိသည့်အပြင် ကူညီဆောင်ရွက်ပေးမည့်သူမရှိ ဖြစ်နေကြသည်။

အလုပ်ကမ်းလှမ်းစာတွင် လုပ်သားတဦးလျှင် တလပျှမ်းမျှ မလေးရှားရင်းဂစ် (၇၀၀-၈၀၀) ရရှိမည်ဟု ပါရှိပြီး သဘောတူစာချုပ်ခဲ့ကြသူများသည် မလေးရှားရောက်ပြီး ယခုလပိုင်းတွင် တနေ့ (၁၈) ရင်းဂစ်မျှနှင့် အချိန်ပိုမရှိ အလုပ်ဆင်းနေကြရသည်ဟု မလေးရှားမှပြန်လာသူ လူငယ်တဦးက ပြောသည်။

၎င်းက “ကျနော်က ကလန်းမြို့ သံမဏိစက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး။ တာဝန်မယူနိုင်ဘူးပေါ့။ ပြီးတော့ တခြားစက်ရုံတခုကို ရွှေ့ပေးတယ်။ အဲ့ဒီမှာ တနေ့ (၁၈) ရင်းဂစ်ပဲရတယ်၊ အိုဗာတိုင်မရှိဘူး။ မလေးရှားလူဝင်မှုက ထုတ်ပေးတဲ့ (visit pass) တလက ကုန်တော့မယ်။ ဒါနဲ့ ရန်ကုန်ကို ပိုက်ဆံလှမ်းမှာပြီး ပြန်လာခဲ့တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများမှ ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးနေရသည့်အပေါ် ချိတ်ဆက်ထားသော ပြည်ပအေဂျင်စီများ၊ ပြည်တွင်းရှိ လိုင်စင်ရအကျိုးဆောင်အေဂျင်စီများထံ ဆက်သွယ်ခဲ့သော်လည်း ထိရောက်သော ကူညီပံ့ပိုးမှုများ မရရှိကြကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများအနက် တရားမ၀င်လာရောက်သူများ၊ မြန်မာနိုင်ငံကူးလက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ဗီဇာ မရှိသူများနှင့် မိမိဆန္ဒအလျောက် အလုပ်ကူးပြောင်းသူများသည် အလုပ်ရှင်များက တာဝန်ယူခြင်း မရှိသောကြောင့် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။

ယခင်က မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် နယ်စည်းမခြားအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာအလုပ်သမားများလည်း ရှိကြောင်း သိရသည်။

ပြည်တွင်းအေဂျင်စီ၏ စာချုပ်ပါလစာနှင့်မကိုက်ညီခြင်းကြောင့် မိမိသဘောနှင့်အလုပ်ထွက်ကာ တရားမ၀င် (အောက်လမ်း) မှ ပြည်တွင်းပြန်ဝင်လာသူ လူငယ်တဦးက “မလေးရဲကို ရင်းဂစ် (၇၅၀) ပေးလိုက်ရင် သူတို့က ကားကြုံနဲ့ ထိုင်းနယ်စပ် မဟာချိုင်ကို ပို့ပေးတယ်။ အဲ့ဒီကမှ ထိုင်းအချုပ်ခန်းမှာ တညအိပ်၊ နောက်နေ့ညနေမှာ နယ်စည်းမခြားအဖွဲ့က (Express) ကားကြီးတွေနဲ့ တင်ခေါ်သွားတယ်။ ကျနော်တို့အသုတ်မှာ အမျိုးသမီး၊ အမျိုးသား (၂၈၀) ပါတယ်။ စရိတ်စက အားလုံး နယ်စည်းမခြားက တာဝန်ယူတယ်။ မဟာချိုင်က ညနေ (၆) နာရီ ကားထွက်တယ်၊ မဲဆောက်ကို နောက်တနေ့ညနေ (၄) နာရီရောက်တယ်။ မဲဆောက်ရဲစခန်းကိုဝင်၊ အဲ့ဒီကမှ လှေနဲ့ ကိုးသုံးလုံး ဒီကေဘီအေဂိတ်ကို ပို့ပေးတယ်။ (၁) ယောက်ကို ဘတ် (၂၅၀) ပေးရတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ပြည်ပလုပ်သားခေါ်ယူမှု လျှော့ချခြင်း၊ ပြည်ပလုပ်သားခေါ်ယူခန့်ထားမှု ဥပဒေတင်းကျပ်လိုက်ခြင်း တို့ကြောင့် မလေးရှားနိုင်ငံရောက် ကန့်သတ်မှုမဲ့ အလုပ်သမားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် နေထိုင်ခွင့် သက်တမ်းလွန် လုပ်သားများကို အောက်တိုဘာလကုန် အပြီးနှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

Monday, 19 October 2009

ကလေးများ၏ စိတ်ကို နာကျင်စေခြင်း

ကလေးများ၏ စိတ်ကို နာကျင်စေခြင်းလောက် ရက်စက်သည့် လုပ်ရပ်သည်မရှိ။
ဘာသာတရားဆိုတာ လူတွေကို ကာကွယ်ပေးဖို့လား? ဘာသာတရား အဆုံးအမဆိုတာ လူတွေကို ညှဉ်းပန်းနှိပ်စက်ဖို့လား? ဘယ်လောက်ဆိုးတဲ့ အပြစ်ကို ကျူးလွန်သည်ဖြစ်စေဦးတော့ ဒီကလေးကို ဒီလို စိတ်ရောကိုယ်ပါ နာကျင်ခါးသီးစေမယ့် လူမဆန်တဲ့ အပြစ်မျိုးပေးသင့်သလား? ဒီကလေးကို အပစ်ပေးကြတဲ့သူတွေရော သူတို့တစ်သက်မှာ ဒီလိုမျိုးအမှားမရှိခဲ့ဘူး မရှိနိုင်ဘူးလို့ အာမခံနိုင်ကြရဲ့လား? ဒီလိုအပစ်ပေးတာကို ဘယ်တန်ခိုးရှင် ဘယ်ဖန်ဆင်းရှင် ဘယ်သူတော်စင်မှ လက်ခံမှာ မဟုတ်ပါဘူး။ ခိုးတယ်ဆိုတာ မကောင်းဘူး၊ မှန်ပါတယ်။ ဒါပေမဲ့ သူခိုးတဲ့အတိုင်းအတာကိုလည်းကြည့်ရတယ်။ သူခိုးလိုက်လို့ အခိုးခံရတဲ့သူလည်း ပွန်းပဲ့မသွားဘူး။ စီးပွားပျက်သွားတာ၊ ဘ၀ပျက်သွားတာမဟုတ်ဘူး။ ပေါင်မုန့်လေးတစ်လုံးပါ။ ဗိုက်ဆာနေလို့ ခိုးတာလည်းနေမယ်။ နဂိုကတည်းက စောရနက္ခတ်ပါလို့ ခိုးတာလည်း ဖြစ်မယ်။ ဒါပေမဲ့ သူကကလေးလေ။ အပြစ်ရှိတယ်ဆိုပေမဲ့ ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကြောက်ခမန်းလိလိ ပြစ်ဒဏ်ပေးတာကို ခံရလောက်အောင် မှမရှိဘဲကို။ ဒီကလေးကို တစ်သက်တစ်ကျွန်းထောင်ချရင်တောင် ဒီလောက်ရင်နာစရာမကောင်းဘူး။ အခုတော့သူ့မှ တစ်သက်လုံး စိတ်ရောကိုယ်ပါ နာကျင်ပြီး ဒုက္ခိတဖြစ်ရှာတော့မယ်။ သေတာထက်ဆိုးတဲ့အဖြစ်ကိုရောက်တော့မယ်။ ပေါင်မုန့်ခိုးတဲ့ကလေးကျတော့ ကားနဲ့ကြိတ်တယ်။
ဒါဆို လူပေါင်းထောင်သောင်းချီသေအောင် လုပ်ခဲ့တဲ့သူတွေ၊ လုပ်တဲ့သူတွေ အပြစ်မရှိတဲ့သူတွေကို အသေခံဗုံးခွဲတိုက်တာ၊ ဇီဝလက်နက်နဲ့တိုက်ခိုက်တဲ့ သတ္တ၀ါကောင်တွေကို ကျတော့ဘယ်လို အပြစ်ပေးမှာလဲ။ ဘာသာတရားမှာ ဒါတွေအတွက် ခြွင်းချက်တွေ ထားထားလို့လား?

ပေါင်မုန့်ခိုးတဲ့ ကလေးလက် ကို ကားနဲ့ကြိတ်ရင် ဒီလို ယုတ်ညံ့တဲ့ အတွေးအခေါ်ရှိတဲ့ သူများပျက်စီးရာပျက်စီးကြောင်းကြံစည်ကြတဲ့ သတ္တ၀ါကောင်တွေရဲ့ ခေါင်းတွေကို စိစိညက်ညက်ကြေပြီး နောက်မကြံစည်နိုင်တော့အောင်ကို ကမ္ဘာလုံးနဲ့ တက်ကြိတ်သင့်ပါတယ်။

ဘာသာတရားဆိုတာ အဆုံးအမပါ၊ စုန်းမ မဟုတ်ပါဘူး။

Monday, 12 October 2009

ပင်စင်ယူမည့် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား အလှူငွေဖြင့် အိမ်ဆောက်ပေးမည်

နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) မှ ပင်စင်ယူမည့်သူများအတွက် အိမ်ယာမြေ ချပေးရန်ရှိနေပြီး လိုအပ်သည့် ငွေကြေးရန်ပုံငွေကို ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံနေသည်။

ယခုလ (၆) ရက်နေ့က အင်ဂျန်းယန်၊ မိုးမောက်၊ တနိုင်း စသည့်မြို့နယ်တို့အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် (၅ဝ) ခန့်ကို ကချင်ပြည်နယ် ပယက က ရုံးသို့ဆင့်ခေါ်ပြီး အန်ဒီအေကေ မှ အသက်အရွယ်အရ တပ်မှ အနားယူ ပင်စင်ပေးခံရမည့်သူများအတွက် အိမ်များဆောက်လုပ်ရန် အလှူငွေကောက်ခံခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “အိမ်တလုံးကို (၂၅) သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ အိမ်တွေ ဆောက်ပေးမှာ။ သွပ်မိုး၊ ပျဉ်ကာ အိမ်မျိုးပေါ့။ မြစ်ကြီးနား နည်းပညာတက္ကသိုလ်နားမှာ အိမ်အလုံး (၅ဝ) နေရာချမယ်။ ဖားကန့်မှာ အလုံး (၅ဝ)၊ ဗန်းမော်မှာ (၅ဝ)၊ ရွှေကူမှာ အလုံး (၃ဝ)၊ အဲဒီအတွက် ရွှေတူးနေတဲ့သူတွေခေါ်ပြီး အလှူခံတာ။ အနည်းဆုံး (၁၀) သိန်း ထည့်ပေးမှလည်း နောက်ထပ်ရွှေလုပ်ကွက် သက်တမ်းတိုးပေးမှာဆိုပြီး ပြောနေတာ။ အဲလိုဆိုတော့ တချို့က သိန်း (၁၀၀) ထည့်တယ်၊ (၅၀) ထည့်တယ်၊ တချို့က အိမ်တလုံးစာ သိန်းအစိတ်ထည့်ကြတယ်” ဟု ပြောသည်။

ဖားကန့်ဒေသတွင်လည်း ကျောက်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေး မည်ဖြစ်သလို အခြားနေရာတွင်လည်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သည်များထံက အလားတူ ငွေကောက်ခံသွားမည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။

၎င်းက “ပယကအတွင်းရေးမှူးပြောတာက အခုက မြစ်ကြီးနားဘက်ကဟာကို ဒီဘက်က လုပ်ငန်းရှင်တွေက တာဝန်ယူ၊ ဖားကန့်က ဥစ္စာကို ဖားကန့်မှာရှိတဲ့ ကျောက်လောပန်းတွေ၊ ရွှေလုပ်တဲ့သူတွေက တာဝန်ယူကြမှာပေါ့။ လုပ်ငန်းလုပ်ကွက်တွေကိုလည်း တိုးချဲ့ချပေးမှာပေါ့။ အလှူငွေထည့်တဲ့သူတွေအတွက် ဦးစားပေးမယ်ပေါ့” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အန်ဒီအေကေအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရရှိပါ။

အန်ဒီအေကေအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် အန်ဒီအေကေအဖွဲ့တို့၏ သဘော တူညီမှုရရှိထားသည့်အတိုင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဆောင်ရွက်နေဆဲဖြစ်ပြီး အသက်အရွယ်ကြီးသူများအား တပ်ကနေအနားယူခွင့်ပေးခဲ့ကြောင်း အမည်မဖော်လိုသည့် အန်ဒီအေကေ အရာရှိတဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းလည်း အသက်(၆ဝ) ကျော်နေပြီလေ။ လူကြီးတွေကျတော့ နိုင်ငံရေးပါတီထဲကို သွားကြရမှာ။ အခုလုပ်မယ့်ဟာက အသက် (၅ဝ) ရဲ့ အထက်ကို တပ်ထဲမှာ ပါခွင့်မရှိတော့ဘူး။ တချို့ကျတော့ ဌာနဆိုင်ရာတွေမှာ အလုပ် ပေးမယ်လို့တော့ ကြားရတယ်။ မလုပ်နိုင်တော့တဲ့ အသက်ကြီးသူတွေကို အနားပေးမယ်၊ အနားပေးမှာ ဘယ်နှယောက်ဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိသေးဘူး” ဟု ပြောသည်။

အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကာ နအဖတောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို ယခုနှစ် ဇွန်လအတွင်း လက်ခံသဘောတူခဲ့သည်။

Search This Blog