Saturday, 31 October 2009

နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ လက်မခံ

ရဲရင့် / ၃၀ အောက်တိုဘာ ၂၀၀၉
line


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်သဖြင့် မိမိကို ပစ်သတ်လိုက ပစ်သတ်နိုင်သည်ဟု ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တဦးက နအဖဗိုလ်ချုပ်ကြီးများကို ပြောကြားခဲ့သည်။

နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦးဆောင်သည့်အဖွဲ့နှင့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ ယခုလ (၁) ရက်၊ ဘားအံမြို့၌ ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စောဌေးမောင်က “ကျနော်တို့အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို လက်မခံနိုင်ဘူး။ ဗိုလ်ချုပ်တို့အနေနဲ့ ကျနော့်ကို ပစ်သတ်ချင် ပစ်သတ်နိုင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

နအဖ၏အစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို ၎င်းတို့ရည်ရွယ်ချက်နှင့် သွေဖည်သည်ဟုဆိုကာ လက်မခံနိုင်ကြောင်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကြေညာချက်တစောင်ကို ယခုလ (၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်၏ သြဇာခံအဖြစ်မထားလိုခြင်းမှာ ယင်းအစီအစဉ်ကို လက်ခံလိုက်ပါက ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားချင်း သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသင့်ကြောင်း ပါရှိပြီး ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကရင့်အာဇာနည် စောဘဦးကြီး မူ (၄) ချက်ကို စွဲကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စောဘဦးကြီး၏မူ (၄) ချက်မှာ လက်နက်ချစကားအလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် စသည်တို့ဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအပါအ၀င် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေးပြုလုပ်ထားသည့် ကရင်အဖွဲ့ (၇) ဖွဲ့ရှိသည်။

အဆိုပါအဖွဲ့များတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် ကိစ္စကို ဒီကေဘီအေအဖွဲ့က ပထမဆုံးလက်ခံခဲ့ပြီး ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ပထမဆုံးငြင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးကောင်စီနှင့်နီးစပ်သည့် ကော့ကရိတ်မြို့ခံတဦးက “အခြေအနေတွေကတော့ ရှုပ်ထွေးလာနိုင်တယ်။ အခုတောင် ဗိုလ်ဌေးမောင်တို့အဖွဲ့ကို နည်းမျိုးစုံနဲ့ ဖိအားပေးလာတာတွေ ရှိနေပြီ” ဟု ပြောသည်။
စောဌေးမောင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၇ ခု ဖေဖော်ဝါရီလ၌ ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

No comments:

Post a Comment

Search This Blog